Thursday, August 8, 2013

"အာရ်အိုင်ပီ(RIP) မစံပယ် "

ကြာခဲ့ပါပြီလေ......။ ကြာခဲ့တာမှ တော်တော့်ကို ကြာခဲ့တာ။ သေချာပြန်စဉ်းစားကြည်လိုက်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလတုန်းကပေါ့။ အဲ့ဒီအချိန်တုန်းက ကုမ္ပဏီတခုမှာ နယ်လှည့်အရောင်းဝန်ထမ်းဘဝနဲ့ ဝမ်းရေးအတွက် ရုန်းကန်နေခဲ့ရချိန်ပါ။ တရက်တော့ ကုမ္ပဏီရဲ့အရောင်းကားနဲ့ မန္တလေးလမ်းကြောင်းထွက်ရဖို့ကြုံလာပါရော။ ကားနဲ့အတူ လိုက်ရမယ့်သူတွေကတော့ ကျွန်တော်နဲ့ နောက်ထပ်အရောင်းဝန်ထမ်းတစ်ဦး၊ ပြီးတော့ ယာဉ်မောင်းသမား စုစုပေါင်း သုံးယောက်။



ကုမ္ပဏီကရောင်းဖို့အတွက် ထည့်ပေးလိုက်တဲ့ပစ္စည်းတွေကို ရန်ကုန်ကစထွက်လာကတည်းက မြို့တမြို့ရောက်လို့ ဆိုင်တဆိုင်တွေ့တိုင်း ဝင်ပြီးတော့ အစ်မကြီးတို့ အစ်ကိုကြီးတို့ ကျွန်တော်တို့ကုမ္ပဏီကထုတ်တဲ့ ပစ္စည်းလေးတွေ အစမ်းအားပေးကြည့်ပါဦး ဘာညာနဲ့ ဟိုဆိုင်ဝင် ဒီဆိုင်ထွက် တောက်လျှောက်ရောင်းလာလိုက်ကြတာ ဖြူးမြို့ကိုရောက်ချိန်မှာ ညအတော်မှောင်သွားပြီ။ အရောင်းသမားတွေအတွက် ညဘက်ခရီးဆက်တာထက်စာရင် နေ့ခင်းနေ့လည် ဆိုင်ဖွင့်ချိန်မှာခရီးသွားရတာက ပိုအဆင်ပြေတယ်မဟုတ်လား..။ ကားမောင်းတဲ့သူလည်း နားချင်နေလောက်ရောပေါ့။ သူ့ခမျာလည်း ရန်ကုန်ကထွက်လာကတည်းက တလမ်းလုံး တယောက်တည်းဒိုင်ခံ တောက်လျှောက်မောင်းလာရတာဆိုတော့ ပင်ပမ်းနေလောက်ပြီလေ..။ အတင်းအဓမ္မ ဆက်မောင်းခိုင်းလို့ ကားသမားအိပ်ငိုက်ပြီး မပြောကောင်းမဆိုကောင်း လမ်းမှာ ယာဉ်မတော်တဆတွေ ဘာတွေဖြစ်ရင် အားလုံးကာလနာတိုက်ကုန်မှာလည်း စိုးရိမ်ရသေးတယ်။ နောက်ပြီးတော့ ကားပေါ်ထိုင်စီးလာတဲ့ ကျွန်တော်တို့လည်း တလမ်းလုံးတဆိုင်ဝင်၊ တဆိုင်ထွက်နဲ့ ပါလာတဲ့ပစ္စည်းတွေရောင်းရအောင်လို့ ပါးစပ်ကအမြှုပ်မထွက်ရုံတမည် ပြောဆိုပြီးရောင်းလာရတာ အတော်ပင်ပမ်းနေပြီ။ ဒါကြောင့်မို့ ဖြူးမြို့အထွက်က တည်းခိုခန်းလေးတခုကို ဝင်ပြီးတည်းဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီတည်းခိုခန်းနာမည်တော့ မမှတ်မိတော့ပါဘူး(မှတ်မိရင်တောင် ထည့်ရေးစရာလားလို့။ တည်းခိုခန်းပိုင်ရှင်က သူ့တည်းခိုခန်းကို နာမည်ဖျက်ပါတယ်ဆိုပြီး အသရေဖျက်မှုနဲ့ တရားစွဲနေရင် အချောင်သက်သက် အချုပ်ထမင်းစားနေရဦးမယ်။ သေတောင် မပြောဘူး...။)



တည်းခိုခန်းရောက်တော့ ဝမ်းသာစရာတခုနဲ့ကြုံရတယ်။ ကျွန်တော်တို့အရောင်းလမ်းကြောင်းမှာ အမြဲတမ်းဆုံနေကျ တခြားကုမ္ပဏီက အရောင်းဝန်ထမ်းအဖွဲ့တွေလည်း အဲ့ဒီတည်းခိုခန်းမှာ ရောက်နေတယ်လေ...။ ဒါနဲ့ တည်းခိုခန်းအပေါ်ဆုံးထပ်မှာ တည်းနေတဲ့သူတို့အဖွဲ့ငှားထားတဲ့အခန်းရဲ့ ဘေးချင်းကပ်အခန်းကို ယူဖြစ်လိုက်ရောဆိုပါတော့။ တည်းခိုခန်းရဲ့ ဘုရားကျောင်းဆောင်နားမှာ စံပယ်ပန်းတွေပန်ထားတဲ့ ကောင်မလေးတယောက်ကို အမှတ်မထင်တွေ့လိုက်တော့ ကျွန်တော်တို့ကားသမားက အသာမျက်စပစ်ပြတယ်။ ကားသမားဆိုတော့ ခြေသွက်လက်သွက်ရှိပါဘိနဲ့....။ ကိုယ်တွေလို ဒီမှာလာတည်းတဲ့ ဧည့်သည်ဆိုရင် ပြဿနာမရှိပေမယ့် တည်းခိုခန်းပိုင်ရှင်ဖြစ်နေရင် ပါးရိုက်ခံနေရမှာစိုးလို့ ကျွန်တော်တောင်မှ ကားဆရာကို တားထားလိုက်ရသေးတယ်....။



ညစာစားသောက်ပြီး တည်းခိုခန်းကိုပြန်ရောက်တော့ လူကတော်တော်အိပ်ချင်နေပြီ...။ ဒါပေမယ့် လမ်းမှာပစ္စည်းတွေရောင်းလို့ရလာတဲ့ငွေတွေ ပြန်ရေတွက်ပြီး စာရင်းလုပ်နေရသေးတယ်....။ စာရင်းတွေအကုန်ပြီးလို့ နာရီကိုကြည့်လိုက်တော့ ညဆယ်နာရီတောင်ကျော်နေပြီ။ မြို့ကြီးပြကြီးမဟုတ်တော့ တည်းခိုခန်းအပြင်ဘက်က လမ်းပေါ်မှာ လူအသွားအလာတောင် မရှိတော့ဘူး။ တိတ်ဆိတ်မှောင်မည်းနေတာပဲ။ ကျွန်တော်တို့လက်ထဲမှာလည်း ကုမ္ပဏီငွေတွေက သိန်း(၂၇၀)ဝန်းကျင်လောက်ဖြစ်နေတော့ သတိဝီရိယနဲ့ အိပ်ကြဖို့ပြောပြီး ပိုက်ဆံတွေထည့်ထားတဲ့ အထုပ်ကို ကုတင်အောက်ထဲထည့်၊ အခန်းတံခါးကို အသေအချာလော့(Lock) ချ၊ အခန်းထဲမှာထွန်းထားတဲ့မီးကိုပိတ်ပြီး အိပ်ယာဝင်လိုက်ကြတယ်။ ပိုက်ဆံတွေကိုတော့ နက်ဖန်တောင်ငူရောက်မှပဲ ဘဏ်ကနေတဆင့် ရုံးချုပ်ကို ပြန်လွှဲရမှာပေါ့..။ အိပ်ပုံအိပ်နည်းလေးလည်း ပြောရဦးမယ်။ နှစ်ယောက်အိပ်ကုတင်တလုံးတည်းမှာ လူသုံးယောက်စုပြီး အိပ်ကြတာ....။ ကားသမားကို အလယ်ခေါင်မှာထားပြီး ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ဘေးတဖက်တချက်မှာ အိပ်ကြတာ။


တနေကုန်တနေခမ်း ကားစီးလာရလို့ ခရီးပမ်းတာကြောင့်လားတော့ မသိပါဘူး။ အိပ်ယာပေါ်ကျောခင်းပြီး ခေါင်းအုံးပေါ် ခေါင်းချလိုက်တည်းက မှေးကနဲအိပ်ပျော်သွားလိုက်တာ ကျွန်တော့်စိတ်ထင် သန်းခေါင်လောက်ရောက်တော့ ရုတ်တရက် ဖျတ်ကနဲ လန့်နိုးလာတယ်။ အိပ်ယာကနိုးနိုးချင်း ကျွန်တော့်ခေါင်းတွေ ကြီးသွားလိုက်တာများ ပုတ်လောက်တောင်ရှိမလားပဲ။ ဘာကြောင့်မို့ ဒီလောက်တောင် အထိတ်တလန့် ဖြစ်သွားရတယ်ထင်တုန်း။
အိပ်ယာမဝင်ခင်လေးတင် သေချာပိတ်ထားခဲ့တဲ့ အခန်းမီးက ပွင့်လျက်သားကြီး။ ကိုယ်တိုင်လော့ချထားတဲ့ အခန်းတံခါးကြီးကလည်း ဟောင်းလောင်းပွင့်နေလိုက်တာ...။ သွားပြီ။ သေပြီ။ ကုတင်အောက်က အရောင်းငွေတွေ သူခိုးနောက်ပါသွားပြီလို့ သေချာပေါက်တွေးပြီး မျက်စိထဲမှာ အင်းစိန်ထောင်ဗူးဝကြီးကိုပဲ မြင်နေတော့တယ်.....။ ကျွန်တော်လည်း ထိတ်ထိတ်ပျာပျာနဲ့ အလယ်မှာအိပ်နေတဲ့ ကားဆရာနဲ့၊ ဟိုဖက်အစွန်မှာအိပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းကို ခုန်ပျံကျော်လွှားရင်း ပါးစပ်ကလည်း " ကုန်ပြီ....... ကုန်ပြီ" လို့အော်ရင်းနဲ့ ကုတင်ပေါ်က ခုန်ချလိုက်တာ ဟိုနှစ်ယောက်လည်း လန့်နိုးလာပါလေရော..။ ကျွန်တော့်ကို ပြူးတူးပြဲတဲကြည့်နေကြရင်းနဲ့ "ဘာဖြစ်တာလဲ???" လို့ တယောက်တပေါက် နှစ်ယောက်ဆိုတော့ နှစ်ယောက်နှစ်ပေါက်မေးကြရော......။ ကျွန်တော်လည်း သူတို့ကို အကျိုးအကြောင်းပြောလိုက်တော့ သူတို့နှစ်ယောက်လုံး မျက်စိမျက်နှာမသာမယာဖြစ်ကုန်ပြီး ကုတင်အောက်ကို ကပျာကယာငုံ့ကြည့်လိုက်ကြတော့ ငွေထုပ်က နေရာမှာ ဒီအတိုင်းရှိနေလေရဲ့။ စိတ်မချတာနဲ့ ငွေတွေကိုပြန်ဖွင့်စစ်လိုက်တော့ တပြားဆို တပြားမှမလျော့ပဲ ကွက်တိ။ ဒီတော့မှပဲ ကျွန်တော်တို့သုံးယောက်လည်း " ဟင်း .... " ဆိုပြီး သက်ပြင်း ပြိုင်တူ ချနိုင်တော့တယ်။ ငွေတွေ ပျောက်များပျောက်သွားလို့ကတော့လား..... ဒီငွေတွေ လျော်ရင်လျော်၊ မလျော်နိုင်ရင် လက်ထိပ်လေးတန်းလန်းနဲ့ ထောင်ထဲတန်းသွားဖို့ပဲရှိတာ....။ ကျွန်တော်တို့အလုပ်လုပ်တဲ့ ကုမ္ပဏီက နာမည်ကြီး(စာလုံးကြီးကြီးနဲ့ ရေးလို့ နာမည်ကြီးတာမဟုတ်ဘူး)။ အမှားအယွင်းတခုခုဖြစ်ပဟေ့ဆို လျော်မလား၊ ထောင်ထဲသွားမလား ဒီနှစ်လမ်းပဲရှိတယ်။


ငွေထုပ်အတွက် စိတ်အေးရပြီးပေမယ့် စိတ်ကို ဒုန်းဒုန်းချပြီးအိပ်လို့က မရသေးပြန်ဘူး။ ဟောင်းလောင်းပွင့်နေတဲ့ အခန်းတံခါးကို ဘယ်သူသွားပိတ်မလဲဆိုတာကို အရေးပေါ်အစည်းအဝေးထိုင်နေရသေးတယ်.....။ ဘယ်သူမှလည်း သွားမပိတ်ချင်ကြဘူး။ နောက်ဆုံးတော့ အစွန်မှာ အိပ်တဲ့ သူငယ်ချင်းက ထသွားပြီး တံခါးကိုသေချာပိတ်၊ မီးခလုပ်ကိုပါ သေသေချာချာပိတ်ပြီး ငွေထုပ်ကို ကြိုးနဲ့ချည်၊ ကြိုးစတဖက်ကို သူ့ဘောင်းဘီမှာချည်ပြီး ပြန်အိပ်လိုက်ကြတယ်.........။ အိပ်ယာထဲပြန်အိပ်ဖို့ လှဲလိုက်ချိန်မှာ မီးကင်းသံချောင်းခေါက်သံ ဆယ့်နှစ်ချက်ကို တိတ်ဆိတ်နေတဲ့ ညအမှောင်အောက်မှာ အသေအချာကြားလိုက်ကြရတယ်။ စိတ်ထဲစနိုးစနောင့်ဖြစ်နေတာကြောင့် တတ်သမျှ၊ မှတ်သမျှ ဘုရားစာတွေရွတ်ရင်းက ပြန်အိပ်ပျော်သွားလိုက်တာ ဘယ်လောက်မှတောင် မကြာလိုက်ပါဘူး...။ ကျွန်တော် ပြန်လန့်နိုးလာပြန်ပါရောဗျာ............။


ဒီတခါတော့ သွေးရိုးသားရိုးမဟုတ်တော့ပဲ တခုခုအမှားအယွင်းရှိနေပြီဆိုတာ ကျွန်တော်သေချာသိလိုက်ပြီ။ ဘာလို့လဲဆိုတော့ ....... စောစောတုန်းက သေချာပိတ်ထားခဲ့တဲ့ အခန်းတံခါးရော၊ အခန်းမီးပါ ပွင့်နေပြန်တာကိုး။
နာရီကိုကြည့်လိုက်တော့ တချက်ခွဲ။ တခူးခူး တခေါခေါနဲ့ ဟောက်သံပေးပြီး အိပ်မောကျနေတဲ့ ဟိုနှစ်ယောက်ကို အတင်းနှိုးပြီး အကျိုးအကြောင်းပြောလိုက်တော့ သူတို့လည်း သိသိသာသာ မျက်နှာတွေပျက်ကုန်တယ်။ အဲ့ဒီအချိန်မှာ ထူးထူးခြားခြားဗျာ.....။
ကျွန်တော်တို့ သုံးယောက်လုံးရဲ့ နှာခေါင်းမှာ စံပယ်ပန်းအနံ့တွေ မွှေးကြိုင်နေအောင် ရလိုက်ကြတယ်။ ငွေထည့်ထားတဲ့ အထုပ်ကိုလည်း စိတ်မချလို့ သေချာပြန်ကြည့်လိုက်မိသေးတယ်။ ဘာမှခြေရာလက်ရာမပျက်ရှိနေလို့ တော်ပါသေးရဲ့။


ဒီအတိုင်းတော့ မဖြစ်သေးပါဘူးဆိုပြီး ဘေးချင်းကပ်လျက် အခန်းမှာအိပ်နေတဲ့ ကုမ္ပဏီအဖွဲ့တွေကို သွားနှိုးပြီး အကျိုးအကြောင်းပြောတော့ သူတို့က မဖြစ်နိုင်ပါဘူး။ တယောက်ယောက်အပြင်ထွက်ပြီး ပြန်မပိတ်မိတာ ဖြစ်မှာပေါ့... တဲ့။
ပြီးတော့ သူတို့ နှာခေါင်းမှာ ဘာအနံ့မှ မရပါဘူးတဲ့။ ဒါဆို ကျွန်တော်တို့ သုံးယောက်က နှာခေါင်းရောဂါဖြစ်နေလို့လား... ကဲ။
သူတို့ကိုသွားပြောလို့လည်း ဘာမှမထူးတဲ့အတူတူတော့ ဒီလောက်တောင်ဖြစ်လှတာ... ကားသမားကို အိပ်ခိုင်းပြီး ကျွန်တော်တို့နှစ်ယောက် ထိုင်စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်အခန်းကိုပြန်လာပြီး တံခါးကိုသေချာပြန်ပိတ်၊ မီးခလုပ်ပိတ်ပြီး အမှောင်ထဲမှာ နှစ်ယောက်သား ငုတ်တုတ်ထိုင်စောင့်နေလိုက်ကြတယ်......။ ည နှစ်နာရီထိုး သံချောင်းခေါက်သံကြားလိုက်ရတယ်။ ကျွန်တော်တို့အခန်းက အမှောင်ထုထဲမှာ တိတ်ဆိတ်လို့ ...... ဘာမှ မထူးခြားသေးဘူး။
သုံးနာရီထိုးတဲ့အထိလည်း ဒီအတိုင်း အေးဆေး....။ လေးနာရီထိုးခါနီးလောက်မှာ မျက်လုံးက အိပ်ချင်စိတ်ကို ဘယ်လိုမှ မတော်လှန်နိုင်တော့ဘူး။ ဒါကြောင့် ခဏလောက်တော့ မှေးလိုက်ကြမယ်လို့ တိုင်ပင်ပြီး အိပ်ယာပေါ် မသွားတော့ပဲ ကြမ်းပြင်ပေါ်ခေါင်းအချမှာ လေအေးအေးလေးတိုက်လိုက်သလို ခံစားလိုက်ရပြီး စံပယ်ပန်းနံ့သင်းသင်းလေးကိုပါ ခံစားလိုက်ရတယ်။ အမှောင်ထဲမှာ ကျွန်တော်တို့နှစ်ယောက်သား တယောက်နဲ့တယောက် လက်ကုတ်ပြီး အချက်ပေးနေတုန်းမှာပဲ....... အခန်းမီးခလုပ်ကို ချောက် ဆိုပြီးဖွင့်လိုက်တဲ့အသံကို နားနဲ့ သေချာကြားလိုက်ကြရပြီး အခန်းတခုလုံး မီးရောင်ကြောင့် လင်းထိန်သွားချိန်မှာတော့ သုံးကြိမ်မြောက် အသေအချာပိတ်ထားခဲ့တဲ့ အခန်းတံခါးကလည်း အော်တိုငုတ်တုတ်ကြီး ပြန်ပွင့်နေခဲ့ပြန်ပါပြီ.........။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်သား တယောက်ကိုတယောက် စကားလည်း ပြန်မပြောနိုင်ကြတော့ဘူး။ နေရာကနေ ဗြုန်းကနဲ ပြိုင်တူထရပ်လိုက်ပြီး အိပ်ပျော်နေတဲ့ ကားသမားကို အတင်းလှုပ်နှိုး၊ အထုပ်အပိုးတွေကပျာကယာသိမ်းပြီး အောက်ထပ်ကို အမြန်ဆင်းလာကြတော့တာပဲ။
သွားလည်းမတိုက်နိုင်၊ မျက်နှာလည်း မသစ်အားတော့ပါဘူး။ အောက်ထပ်ရောက်တော့ တည်းခိုခန်းမန်နေဂျာက " စောလှချည်လား.... " လို့ မေးတာကို " ဟုတ်ကဲ့... " လို့ပဲ ပြန်ဖြေနိုင်တော့တယ်။ အပြင်ရောက်တော့ စံပယ်ပင်တွေများ တွေ့ရမလားလို့ ဟိုကြည့်ဒီကြည့်လိုက်ကြည့်မိသေးတယ်။ စံပယ်ပင်နဲ့တူတာဆိုလို့ ဓါတ်ပုံတောင်မှ မတွေ့ခဲ့ဘူး။
မှောင်ပဲ မှောင်နေလို့လားတော့ မသိပါဘူး။


တည်းခိုခန်းကထွက်လာကြပြီး မြို့ပြင်ရောက်တော့ လက်ဖက်ရည်ဆိုင်တဆိုင်မှာ ဝင်ပြီး မျက်နှာသစ်၊ မနက်စာစာရင်းနဲ့ အဲ့ဒီဆိုင်က စားပွဲထိုးလေးတယောက်ကို အဲ့ဒီတည်းခိုခန်းအကြောင်းမေးလိုက်မိတယ်။ ဒီတော့မှ ကောင်လေးက
" အစ်ကိုတို့ နောက်တခေါက်လာရင် အဲ့ဒီတည်းခိုခန်းမှာ မတည်းနဲ့တော့ ...... " တဲ့။ ဘာလို့လဲမေးတာကို ချာတိတ်က တော်တော်နဲ့ မဖြေသေးဘူး။ ဘေးဘီကို တောင်ကြည့်မြောက်ကြည့် ကြည့်ပြီးတော့မှ တိုးတိုးလေး ဖြေတာက .......
"အဲဒီတည်းခိုခန်းမှာ မိန်းကလေးတစ်ယောက် ကြိုးဆွဲချ သေဖူးတယ် " တဲ့။


သူပြောတာကြားပြီးကတည်းက နောက်ထပ်နောက်ထပ် မန်းလေးလမ်းကြောင်းသွားရတိုင်း အဲ့ဒီတည်းခိုခန်းကို လုံးဝကို မတည်းတော့တာ။ ဖြူးရောက်လို့ အဲ့ဒီတည်းခိုခန်းရှေ့ကဖြတ်ရင်တောင်မှ နှာခေါင်းထဲမှာ စံပယ်ပန်းနံ့ရသလိုလိုနဲ့တကိုယ်လုံး ကြက်သီးတွေ တဖျန်းဖျန်း ထနေမိတာ ခုထက်ထိပဲ။ အချိန်တွေကြာခဲ့ပြီဆိုတော့ ခုလောက်ဆိုရင် စံပယ်ပန်တဲ့ ကောင်မလေးလည်း ရှိချင်မှ ရှိတော့မှာပါလေ။ ဘေးချင်းကပ်အခန်းက လူတွေ မရလိုက်တဲ့ စံပယ်ပန်းရနံ့နဲ့အတူ အခန်းမီးနဲ့ အခန်းတံခါးကို လက်ကမြင်းကြောထပြီး လာဖွင့်တဲ့ ကမြင်းမလေး ကောင်းရာမွန်ရာဘုံဘဝကို ရောက်ပါစေလို့ပဲ ဆုတောင်းပေးနေမိတော့တာပါပဲ...............................။

"အာရ်အိုင်ပီ(RIP) မစံပယ် "
RIP = REST IN PEACE ( မြန်မာပြန် = အေးချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ)

ကာယကံရှင် မည်သူမည်ဝါ တိတိကျကျမသိပါသောကြောင့်.............
ခရက်ဒစ်တူ - မစံပယ်နှင့် ဆုံခဲ့သူ

စံပယ်ပန်းအနံ့ မကြိုက်တော့သူ/ ထို့ထက်ပို၍..... မီးခလုပ်နှင့် အခန်းတံခါးကို လက်ဆော့တတ်သူများကို မုန်းသူ/ ထို့ထက်ပို၍...ပို၍ / မစံပယ်နှင့် မဆုံဆည်းချင်သူ

(အက်ဒမင်-ရွာတော်ရှင်)

No comments:

Post a Comment